အလွန်ခက်ခဲသောစိန်ခေါ်မှုများစွာကို ကျော်ဖြတ်နိူင်မှသာလျှင် ဖူးမျှော်နိုင်သည့် ကျိုက်နဲရေလယ်ဆံတော်ရှင်စေတီ

Posted on

ကျိုက်နဲရေလယ်ဆံတော်ရှင်စေတီပွဲတော်သို့ လာရောက်ဖူးမျှော်ကြ သည့် ဘုရားဖူး ပရိသတ်တို့သည် သာမာန်သဒ္ဓါတရားဖြင့်သာလျှင် သွားရောက်ဖူးမျှော်နိူင်ကြလိမ့်မည် မဟုတ်ပါ။ အလွန်ခက်ခဲသောစိန်ခေါ်မှုများစွာကို ကျော်ဖြတ်နိူင်မှသာလျှင် စေတီရှိရာ ကျောက်ဆောင်ပေါ်သို့ရောက်ရှိဖူးမြော်နိူင်ကြသည်။ ရပ်နီးရပ်ဝေးမှလာရောက်ကြသည့် ဘုရားဖူးများစွာတို့မှ တစ်ဝက်နီးပါးမျှသာလျှင် ဖူးမြော်ကြည်ညိုခွင့်ရခဲ့ကြသည်။

သဒ္ဓါတရားစိတ်အားထက်သန်စွာအားခဲပြီး လာရောက်ခဲ့ကြသော်လည်း ပါရမီမပြည့်မှီနိူင်သည့်အတွက် အခက်အခဲအမျိုးမျိုးတို့အကြား စေတီရှိရာကျောက်ဆောင်သို့မရောက်ရှိနိူင်ခဲ့သည့် ဘုရားဖူးပရိတ်သတ် တို့သည် ကျောက်ခင်း(နတ်လမ်း)လမ်းတစ်ဝက်မှပင် ဦးချ၍ ပြန်လှည့်ပြန်ရခဲ့ကြရသည်ကို နှစ်စဉ်နှစ်တိုင်းစိတ်မကောင်းစွာ တွေ့မြင် ရသည့်အတွက် ဘုရားပွဲစေတနာ့ဝန်ထမ်းများ ဖြစ်ကြသော ကျနော်တို့လည်း မိမိတို့တာဝန်မကျေသလိုခံစားရသောကြောင့် အသုံးဝင်မည့်လမ်းညွန်ချက်တစ်ချို့ကို တင်ပြပေးလိုက်ပါ၏

နတ်လမ်း ကျိုက်နဲစေတီဘုရားရှိရာကျောက်ဆောင်သို့ ဝဲကလောင်းဇရပ်ကမ်းခြေမှ အကွာအဝေးတစ်မိုင်နှင့်ခြောက်ဖာလုံကို ဆက်သွယ်ထားသည့်တစ်ခုတည်းသော ခြေလျင်လမ်းခရီးအတွက် ပဟေဠိသဖွယ်ဖြစ်စေသည့် ကျောက်ခင်းလမ်းဖြစ်၏။ထိုနတ်လမ်းသည် အံအားသင့်စရာအကြောင်းကြောင့် ဘုရားဖူးပရိတ်သတ်အကြား ထင်ထင်ရှားရှားလူပြောစရာဖြစ်သလို အမှန်တစ်ကယ်ပင် ထူးခြားသော သိပ္ပံအမြင်ဖြင့် အဖြေမပေးနိူင်သော လမ်းဖြစ်သည်။ယင်းနတ်လမ်းသည် ဒီရေအတက်အကျ သဘောတရားအရ တစ်နှစ်လုံးမှ တန်ဆောင်မုန်းလဆုတ် 3ရက်နေ့မှသာ အစမှအဆုံးထိ ပေါ်ပြီး ထိုနတ်လမ်းပေါ်မှတစ်ဆင့် ကျိုက်နဲဆံတော်ရှင်ဘုရားသို့ သွားရောက် ဖူးမြော်နိူင်ခြင်းလည်းဖြစ်သည်။

ထိုတန်ဆောင်မုန်းလဆုတ် ၃ရက်နေ့တွင်လည်း ယင်းနတ်လမ်းသည် မနက် ၅နာရီဒီရေအကျတွင် စတင်ပေါ်ထွက်လာပြီး ၆နာရီအချိန်တွင်မှ ထင်သာ မြင်သာတွေ့မြင်ရကာ ပင်လယ်ထဲသို့ခြေလျင်ခရီး စတင်၍ ဘုရားဖူးသွားမည်ဖြစ်ပြီး ၎င်းနေ့ ၁၁နာရီအချိန်အထိ နတ်လမ်း ပေါ်နေမည်ဖြစ်သည်။ ထိုကြောင့် ထိုနေ့တန်ဆောင်တိုင်လဆုတ် ၃ရက်နေ့ မနက်၅နာရီမှ နေ့လည်မွန်းတည့် ၁ဝနာရီအထိအတွင်း နတ်လမ်းပေါ်မှအသွားအပြန် ဒီရေအတက်အကျအချိန်အမှီ သွားရောက်ဖူးမြော်ကြရပါမည်။ ကျန်ရှိသည့်တစ်နှစ်ပတ်လုံးတွင် ထိုနတ်လမ်းသည် အကုန်အစင် မပေါ်ပဲတစ်ချို့တစ်ဝက်ခန့်သာ ပေါ်သောကြောင့် ကျိုက်နဲဘုရားဂေါပကအဖွဲ့ဝင် ဝဲကလောင်းနှင့် အံခဲရွာများမှ လှေများဖြင့် စေတနာထက်သန်စွာ(အခမဲ့)လည်းသွားရောက် ပို့ဆောင် ပေးကြပါလိမ့်မည်။

တစ်ချို့သောဘုရားဖူးပရိတ်တို့သည် ဤကဲ့သို့အခြေနေကိုမသိရှိခဲ့မှု ကြောင့် အချိန်အခါလွဲ၍ ရောက်ရှိလာကြသည်မှာ အများအပြားပင် ဖြစ်သည်။ (ပွဲတော်ရက်အချိန်သော်လည်းကောင်း အခြားသောအချိန်များတွင် သော်လည်းကောင်း စေတီရှိရာ ကျောက်ဆောင်သို့ အကြိုအပို့ လုပ်ပေးကြသောလှေများသည် စေတနာအခမဲ့များဖြစ်သည်။ မည်သည့်အဖိုးအခများပေးဆောင်ရန်မလိုပါ။ တစ်ချို့သောဘုရားဖူးများသည် ထိုလှေများကို စင်းလုံးငှါးခ မည်မျှပေးရမည်ကို မေးကြသည်ရှိသည်။ အချို့မှလှေပေါ်တက်ရောက်ပြီမှ လှေစီးခမေးသောကြောင့် ဒီနေရာမှပြန်ဖြေထားလိုက်ပါတယ်)

ကျိုက်နဲရေလယ်ဆံတော်ရှင်ဘုရားပွဲတော်သည်နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆုတ်၂ရက်နေ့မှ၃ရက်နေ့အထိဖြစ်သော်လည်း တန်ဆောင်မုန်းလဆန်း ၁၃ရက်မှစ၍ ဆွမ်းတော်တင်ပွဲနှင့် ရှင်ဦးပဂုတ္တဖောင်မျှော်ပွဲတိုဖြင့် စတင်သွားရောက်ဖူးမြော်နိူင်ပေ၏ ထိုနေ့ရက်များမှစပြီး ပွဲတော်ရှောင်လိုသော နယ်ဝေးရပ်ဝေးမှ ဘုရားဖူးပရိသတ်တို့သည် တစ်ဖွဲဖွဲလာရောက်နေပြီလည်းဖြစ်သည်။ ကမ်းခြေတွင်စတုဒီသာ ထမင်းစားမဏ္ဍာဖြင့် ပွဲတော်ရက်မကုန်မချင်း ဧည့်ခံကျွေးမွေးမည်ဖြစ်ပြီး နတ်လမ်းဖြင့် စေတီသို့မသွားရောက်နိူင်မှီ လှေများဖြင့်အကြိုအပို့ပေးနေပြီလည်းဖြစ်သည်။

သံဖြူဇရပ်မှတစ်ဆင့် ပင အနင်းလမ်းကိုဆက်သွားရမည်ဖြစ်ပြီး ပင ကရုပ္ပိ ဝဲကလောင်းသို့ ရောက်ရှိနိူင်မည်ဖြစ်သလို ရေးမှလာသောဘုရားဖူးများလည်း အောက်ငုက်ပျောတောလမ်းဝမှ အနင်းရွာတစ်ဆင့် အနင်း ကျောင်းရွာ ထင်းရှူး ကော့လေး အံခဲ ခရီးဖြင့်သော်လည်းကောင်း စွတ်ပလောင်လမ်းဝမှ တစ်ဆင့်ဖြင့် ကော့လေး အံခဲသို့သော်လည်းကောင်း ကျိုက်နဲစေတီရှိရာ ဝဲကလောင်း အံခဲကမ်းခြေသို့ လာရောက်နိူင်မည်ဖြစ်သည်။ တန်ဆောင်မှန်းလပြည့်ကျော် ၂ရက်နေ့ညနေတွင် ကမ်းခြေ၌ ညအိပ်လာရောက်ပြီး တန်ဆောင်မုန်းလဆုတ်3ရက်နေ့ မနက်ရေကျအချိန် နတ်လမ်းပေါ်ချိန်ကိုစောင့်ရမည်ဖြစ်သည်။

(1) ကမ်းခြေသို့စောစောလာနိူင်လျင်ကောင်း၏ ကမ်းခြေတွင်ကားများနေရာချရန်နှင့်ဘုရားဖူးများအတွက်အနားယူစရာနေရာ အကျယ်အဝန်းမှာကမ်းခြေအလျားတစ်လျောက်သာဖြစ်သည် လဆုတ်၂ရက်နေ့ညဒီရေအတက်မှာ ကမ်းအစပ်ထိဖြစ်၍ကားများသည် ဒီရေမနှစ်မြုပ်စေရန်ကမ်းပေါ်သို့မြှင့်နိူင်သလောက် မြှင့်မြှင့်နေရာ ချထားရန်လိုအပ်သည်။ သဲနစ်၍ကားများကိုဆွဲတင်ရသည်မှ နှစ်တိုင်းအစဉ်အလာ တစ်ခုဖြစ်နေ သည်။

ထို့အပြင် ဤဒေသရှိကားလမ်းများသည် ကျေးရွာချင်းဆက်လမ်းဖြစ်၍ ကားတစ်စီးနှင့်တစ်စီး လွတ်အောင်ရှောင်နိူင်သည့် ကျဉ်းမြောင်းသည့် လမ်းဖြစ်ပြီး ပွဲတော်အချိန်တွင် ယဉ်ကြော အသွားအလာသည် ၁၄မိုင်ဝေးသော သံဖြူဇရပ်မြို့အထိ သက်ရောက်ပြီး ကမ်းခြေအဝ၌ ယာဉ်ကြောပိတ်ဆို့မှုသည် ကရုပ္ပိရွာအထိ တစ်ဖက်တွင်အံခဲရွာအထိ သက်ရောက်ပြီး ကားနှင့်ဆိုင်ကယ်များ ပိတ်ဆို့နေမည်ဖြစ်သောကြောင့် စောနိူင်သမျှစောစော ကမ်းခြေသို့အမှီလာရောက်နေရာယူထားရန် လိုအပ်ပါတယ်။ ကမ်းခြေသို့ဒီရေတက်ချိန်တွင် သွားလို့မရနိူင်တော့ပဲ လမ်းများ ပိတ်ဆို့ကာ ရေကျချိန်ကိုစောင့်ရင်း ထိုကဲ့သို့ယာဉ်ကြာ ပိတ်ဆို့မှု အထဲတစ်ညလုံး အချိန်ကုန်သွားလိမ့်ပါမည်။ ပွဲတော်၏ အခက်ခဲဆုံးသော ဒုက္ခလည်းဖြစ်သည်။

(2) ညအိပ်ခရီးဖြစ်သောကြောင့် စောင်ဖျာတို့မရှိမဖြစ် ယူလာခဲ့ရန် လိုအပ်ပါတယ်။ ကမ်းခြေသဲသောင်ပြင်သို့ နေရာချရန်အများကြီးရှိသော်လည်း ရေတက်ချိန်မှာ ရေရှောင်နိူင်ရန် နေရာအမြှင့်ရွေးထားရန်လိုအပ်ပါတယ် စတုဒီသာ မဏ္ဍာပ်များမှ ထမင်းနှင့်ရေကို နေ့ရောညပါ ဧည့်ခံကျွေးမွေး နေသော်လည်း လူဦးရေနှင့်မမျှမတဖြစ်သောကြောင့် မိမိတို့အစီအစဉ် ဖြင့်လည်းလာသင့်ပါသည်။ စားသောက်ဆိုင်များလည်း အလွန်နည်းပါသည်။

(3) နတ်လမ်းမှသွားမည်ဆိုပါက ပစ္စည်းများနည်းနိူင်သမျှ လျော့သွားသင့်ပါတယ်။ ရင်ဆို့အထိရှိသော ပင်လယ်ရေထဲ ဆင်းရမယ်ဖြစ်သဖြင့် ဖုန်းများကို ယူသွားချင်ပါက ဖုန်းရေစိုခံအိတ်ဖြင့်ယူလာပါ။ ဆားငံရေဖြစ်သဖြင့် သတိရှိပါ။ ညှပ်ဖိနပ်စီးလာရင်ကောင်းမည်။ ဒေသအခေါ် ကျန်းမာရေးဖိနပ်သည် အသင့်တော်ဆုံးဖြစ်သည်။ ကျောက်ခင်းလမ်းမှ လျောက်သွားရမည်ဖြစ်သဖြင့် ဖိနပ်မရှိရင် ခြေထောက်နာကျင်လိမ့်မယ်။ လွတ်လွတ်လပ်လပ်ဖြင့်သွားပါမှ ရေထဲတွင် အဆင်ပြေသွားနိူင်လိမ့်မည်။ ရေစုပ်ယူသော ဂျင်းအကျီဂျင်းဘောင်းဘီများ မဝတ်လာသင့်ပါ။ တတ်နိူင်ရင် အသက်ကယ်အင်္ကျီ ပါလာပါက ကောင်းသည်။

(4) အပြန်ခရီးသော်လည်းကောင်း အလာခရီးသော်လည်းကောင်း ယာဉ်ကြောပိတ်ဆို့ခြင်းကိုရှောင်လိုပါက ဖြတ်လမ်းနှစ်လမ်းရှိပါတယ် အံခဲကော့လေးမှ တစ်ဆင့် စွတ်ပလောင်လမ်းသို့ ထွက်သွားပါက သံဖြူဇရပ်ရေး အဝေးပြေးလမ်းသို့ပေါက်ပါသည်။ ကတ္တရာလမ်းချောဖြစ်လို့ ကားမရွေးသွားနိူင်ပါသည်။ နောက်တစ်လမ်းမှာ ဝဲကလောင်းရွာမှ ဝင်ပတုပ်ရွာသို့ သွားသည့် လမ်းဖြစ်ပြီး အဝေးပြေးလမ်းပေါ်ရှိ ဝယ်တော်ရွာသို့ ပေါက်ပါတယ်။ မြေနီလမ်းဖြစ်ပြီး ကားငယ်နှင့်ဆိုင်ကယ်များသာသွားနိူင်ပါတယ်။ လူပြတ်ပြီး ညဖက်သွားဖို့မသင့်ပါ။

(5) ကျန်းမာရေးဝန်ဆောင်မှု ကျိုက်နဲရေလယ်ဆံတော်ရှင်စေတီဘုရားသည် ခက်ခက်ခဲခဲ အခြေအနေဖြင့် ဘုရားဖူးပရိတ်သတ်တို့သည် သွားရောက်ဖူးမြော် ကြရသည်ဖြစ်ရာ ထိခိုက်မှုအများဆုံးဖြစ်သော ဘုရားပွဲတော် တစ်ခုလည်း ဖြစ်သောကြောင့် သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းနှင့် ကျိုက်ခမီမြို့ကြက်ခြေနီ အသင်းတို့ စေတနာဖြင့် နေ့ညကျန်းမာရေးဝန်ဆောင်မှုပေးပါသည်။ သံဖြူဇရပ်မှပိုင်ရှင်မဲ့နာရေးကူညီမှုအသင်းလူနာတင်ယာဉ် သံဖြူဇရပ်မြို့ ကြက်ခြေနီအသင်းလူနာတင်ယာဉ်နှင့် ကျိုက်ခမီမြို့ ကြက်ခြေနီအသင်းလူနာတင်ယာဉ်များ အသင့်အနေအထားဖြင့် သော်လည်းကောင်း ကြက်ခြေနီလူငယ်မောင်မယ်များကကျန်းမာရေး စောင့်ရှောက်ပေးပါမည်။ မြို့နယ်မီးသတ်အဖွဲ့နှင့်ရဲတပ်ဖွဲ့ဝင်များ လည်းပူးပေါင်းပါဝင်ကူညီပေးကြပါသည်။

ကျိုက်နဲရေလယ်ဆံတော်ရှင်ဘုရား၏ မယုံနိူင်စရာထူးခြားချက်မှာ နတ်လမ်း နှင့် ဒီရေဖြစ်သည်။ ဘုရားဖူးများ နတ်လမ်းပေါ်မှပြန်လာနေချိန် ဒီရေအတက်သည် စောင့်နေသကဲ့သို့ တုန့်ဆိုင်းနေသည်။ ဒီရေအချိန်ကျော်နေပြီဖြစ်သော်လည်း နတ်လမ်းပေါ်မှာ ပရိသတ် မကုန်မချင်း ဒီရေသည်တန့်နေသည်။ အားကောင်းမောင်းသန် လူရွယ်များမှ အကုန် လူတိုင်းအရောက် မသွားနိူင်သည့် ကျိုက်နဲဘုရားတွင် အသက်ရွယ်အိုမင်းသည့် အဖိုးအဖွားများမရောက် ရောက်အောင်သွားနိူင်သည်မှာလည်း ဘုရားဖူးခွင့်ရရန် အလွန်ပါရမီရှိမှဖြစ်နိုသည်ကိုတွေ့ရမည်ဖြစ်သည် ထို့ကြောင့် ထူးခြားတန်ခိုးကြီးသော သံဖြူဇရပ်မြို့နယ် ဝဲကလောင်း အံခဲကမ်းခြေရှိ ကျိုက်နဲရေလယ်ဆံတော်ရှင်ဘုရားသို့ လာရောက် ကြည်ညိုဖူးမြော်ကြပါရန် မေတ္တာဖြင့်ဖိတ်ခေါ်အပ်ပါသည်။